အမေရိကန်အနေနဲ့ ကျားဖြန့်၊ မူးယစ်ဆေးဝါး၊ မြေရှားသတ္တုကိစ္စ ဒါတွေကို ဖြေရှင်းမယ်ဆိုရင် မြန်မာ့ငြိမ်းချမ်းရေးကို မဖြေရှင်းဘဲနဲ့ မရဘူး

ဦးကိုကိုကြီး၏ တစ်သီးပုဂ္ဂလ သဘောထားအမြင်များကို ဆက်သွယ်မေးမြန်းခြင်း

    ၂၀၃၀ မြန်မာ့ငြိမ်းချမ်းရေးအတွက် ပံ့ပိုးမည့်  မြန်မာနိုင်ငံဆိုင်ရာ ဗဟာဗျူဟာကို အမေရိကန် ထုတ်ပြန်ထားမှုနဲ့ပတ်သက်ပြီး ပြည်ထောင်စုအတိုင်ပင်ခံကောင်စီအဖွဲ့ဝင်၊ ပြည်သူ့ပါတီ၏ဂုဏ်ထူး ဆောင်နာယက ဦးကိုကိုကြီးအား ၎င်း၏ တစ်သီးပုဂ္ဂလ သဘောထား၊ အမြင်၊ သုံးသပ်ချက်များကို ဆက်သွယ်မေးမြန်းထားသည်။

 

TREND ။        ။ ၂၀၃၀ မြန်မာ့ငြိမ်းချမ်းရေးအတွက်ပံ့ပိုးမည်ဆိုတဲ့  မြန်မာနိုင်ငံဆိုင်ရာ ဗဟာဗျူဟာကို အမေရိကန် ထုတ်ပြန်ထားမှုနဲ့ပတ်သက်ပြီး ဘယ်လိုရှုမြင် သုံးသပ်ချင်လဲ။
UKKG    ။    ။
အခုတွေ့ရတာကတော့ ပေါ်လွင်ထင်ရှားတဲ့ဟာကတော့ အွန်လိုင်းလိမ်လည်မှုတွေ ဒါက  အမေရိကန်သားတွေရဲ့ အကျိုးစီးပွားကို ထိခိုက်တယ်။ အွန်လိုင်းလိမ်လည်မှုနဲ့ မူးယစ်ဆေးဝါး ပြဿနာတွေကို အဓိက ထောက်ပြတယ်။ နောက်တစ်ခုတော့ မြေရှားသတ္တုနဲ့ပတ် သက်တဲ့ကိစ္စကို သူတို့ ဖော်ပြလာတာကို တွေ့ရတယ်။ နောက် အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုတွေကို တိုးမြှင့်ချင်တယ်။ ဒါက အမေရိကန်ရဲ့ လိုငွေပြမှုကို လျှော့ချဖို့အတွက် နိုင်ငံတကာကုန်သွယ်မှုတွေနဲ့ ပတ်သက်လို့ အကောက်ခွန်ကိစ္စတွေ ရင်းနှီးမြှုပ်နှံမှုကိစ္စတွေကို ဆောင်ရွက်လာတယ်။ နောက်တစ်ခုက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ၂၀၃၀ မှာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ရရှိဖို့အတွက်ကို ပါဝင်ကူညီ ဆောင်ရွက်သွားမယ်ဆိုတဲ့ အချက်တွေပါတာ တွေ့ရပါတယ်။ ကျန်တာကတော့ လူဝင်မှုကြီးကြပ်ရေးနဲ့ပတ်သက်တဲ့ကိစ္စ၊ ဗီဇာကျော်လွန်နေတဲ့ နိုင်ငံသားတွေကို ပြန်ပို့ဖို့ကိစ္စ ဒါမျိုးတွေ တွေ့ရပါတယ်။ ယေဘုယျ ခြုံပြောပြော ရလို့ရှိရင် မြန်မာနိုင်ငံနဲ့ ဆက်ဆံပြီးတော့ ပြဿနာတွေကို ဖြေရှင်းဖို့ ချဉ်းကပ် တယ်လို့ မြင်ပါတယ်။

TREND ။        ။ မြန်မာနိုင်ငံနဲ့ ဆက်ဆံပြီးတော့ ပြဿနာတွေကို ဖြေရှင်းဖို့ ချဉ်းကပ်လာတယ်လို့ သုံးသပ်ထားတော့ အခု အမေရိကန်ရဲ့ မဟာဗျူဟာက မြန်မာ့အရေးအပေါ် အရင် ရပ်တည်ချက်နဲ့ ဘယ်လို ကွာခြားပါသလဲ။ မူဝါဒအပြောင်းအလဲ ဘယ်လိုသုံးသပ်ချင်လဲ။
UKKG    ။    ။
ဒါကတော့ ရွေးကောက်ပွဲအပြီးမှာ သိသာထင်ရှားတဲ့ နိုင်ငံတကာဆက်ဆံရေး အပြောင်းအလဲတွေလို့ မြင်တယ်။ အမေရိကန်အနေနဲ့က အခုလိုမျိုး သူ့ရဲ့ Strategy Framework ကြေညာချက် ထွက်လာတယ်ဆိုတာက အခုမှ ချက်ချင်းကောက်ကာ ငင်ကာ ပေါ်လာတာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ပထမတုန်းက မြန်မာနိုင်ငံအပေါ်မှာ အရေးယူပိတ်ဆို့တဲ့ ပုံစံမျိုးတွေပေါ့လေ။ ပြောရရင် အမေရိကန် သံတမန်ဆက်ဆံရေးကိုပါ သံအမတ်ကြီးအဖြစ် မထားတာတို့ စသည်ဖြင့် ဖိအားပေးတဲ့နည်းလမ်းတွေ သုံးနေရာကနေ ကျင့်သုံးနေတဲ့ဗျူဟာသည် အကျိုးသက်ရောက်မှု ဘယ်လောက်ရှိသလဲဆိုတာကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပတ်သက်တာတွေကို ကြိုသုံးသပ်တာတွေ၊ ဆွေးနွေးတာတွေ အစောကြီးကတည်းက ကြားပါတယ်။ ဒါကြောင့်မို့လို့ လက်ရှိအချိန်မှာ အရေးယူပိတ်ဆို့တဲ့ ပုံစံကနေ ဆက်ဆံတဲ့ပုံစံ၊ Engagement လုပ်တဲ့ပုံစံကိုပါ ပြောင်းလာတာပေါ့။ ဒါက မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေး အခြေအနေအရ အချက်အချာကျတဲ့ နေရာမှာရှိတယ်။ အဲဒီတော့ မြန်မာနိုင်ငံကို မဆက်ဆံဘဲ ပစ်ထားတာထက်စာရင် ထိတွေ့ဆက်ဆံပြီးတော့ အမေရိကန်ရဲ့ အကျိုးစီးပွားကို ဦးတည်ပြီးတော့ ပြောင်း လဲလာတယ်လို့ မြင်တယ်။ တကယ့်လက်တွေ့နိုင်ငံရေး၊ ပကတိနိုင်ငံရေးမှာ ဘယ်နိုင်ငံဖြစ်ဖြစ် သူတို့ရဲ့ အမျိုး သားအကျိုးစီးပွားကို ဦးစားပေးပြီးတော့ ချမှတ်ကြတာပဲ။ အဲဒီတော့ မြန်မာနိုင်ငံကလည်းပဲ ကိုယ့်အမျိုးသား အကျိုးစီးပွားကိုပဲ အဓိကထားပြီးတော့ စဉ်းစားရမယ်လို့ မြင်ပါတယ်။ 

TREND ။      ။ နိုင်ငံတိုင်းက သူတို့ရဲ့ အမျိုးသားအကျိုးစီးပွားကို ဦးစားပေးပြီးတော့ မဟာဗျူဟာတွေ၊ မူဝါဒတွေ ချမှတ်ကြတာဆိုတော့ အခုအမေရိကန်ရဲ့ မဟာဗျူဟာ၊ မူဘောင်၊ ရည်မှန်းချက်တွေကရော မြန်မာ့ငြိမ်းချမ်းရေးကို အမှန်တကယ် ဦးတည်တာလား၊ ဒါမှမဟုတ် အမေရိကန်ရဲ့ အကျိုးစီးပွားကို ပိုမိုခိုင်မာစေဖို့အတွက်လား။
UKKG    ။    ။
သူက ထင်ထင်ရှားရှား ပြောထား တာကတော့ အမေရိက First ပဲ၊ ဒါက ထရမ့်အစိုးရ အဖွဲ့ရဲ့ တရားဝင်ကြေညာထားတဲ့ မူဝါဒပဲ။ အဲဒီလိုလုပ်တဲ့နေရာမှာ အွန်လိုင်းလိမ်လည်မှုနဲ့ မူးယစ်ဆေးဝါး ပြဿနာတွေဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ဆက်စပ်နေတယ်။ မြေရှားသတ္တု ဆိုရင်လည်း ပဋိပက္ခဒေသတွေကပဲ တရားမဝင် ထုတ်ယူနေတာပဲ။ အဲဒီတော့ အမေရိကန်အနေနဲ့က အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးဝါး ပြဿနာ၊ မြေရှားသတ္တုကိစ္စဒါတွေကို ဖြေရှင်းမယ်ဆိုရင်  မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကို မဖြေရှင်းဘဲနဲ့ မရဘူး။ အထူးသဖြင့် ရာဇဝတ်မှုတွေပေါ့၊ မူးယစ်ဆေးဝါးကိစ္စ၊ အွန်လိုင်းလိမ်လည်မှုကိစ္စ၊ မြေရှားကိစ္စဒါတွေ အားလုံးဟာ တရားဥပဒေစိုးမိုးမှု ကင်းလွတ်နေတဲ့ နေရာတွေ၊ လက်နက် ကိုင်ပဋိပက္ခဖြစ်နေတဲ့ နေရာတွေကို အကြောင်းပြုပြီးတော့ ပေါ်ပေါက်နေတာ။ ဒီကိစ္စတွေကို ဖြေရှင်းချင်တယ်ဆိုရင် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး ပြန်ပြီးဖြစ်ထွန်းလာအောင် လုပ်ဖို့က ရှောင်လွှဲလို့ မရတဲ့ အခြေအနေတစ်ခုဖြစ်တယ်။ ဘဏ္ဍာရေးဆိုင်ရာ ဖက်ဒရယ်စနစ်ဆိုတဲ့ဟာတစ်ခု ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ သူ့ဘက်က အမြင်သုံးသပ်ချက် တစ်ခုပါတယ်။ ဒါကလည်း အသစ်အဆန်းတော့ မဟုတ် ဘူး။ အိန္ဒိယနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဘဏ္ဍာရေးဆိုင်ရာ ဖက်ဒရယ်စနစ်ကို အလုပ်ရုံဆွေးနွေးပွဲ အကြိမ်ကြိမ်လုပ်ပြီး ဆွေးနွေးခဲ့တဲ့ အခါကျတော့ မြန်မာနိုင်ငံမှာ NCA ကနေ စပြီးတော့ တရားဝင် ချမှတ်လာတဲ့ကိစ္စက ဖက်ဒရယ်စနစ်ကို ကျင့်သုံးမယ်ဆိုတာကို နိုင်ငံတော်အနေနဲ့လည်း လက်ခံထားပြီးပြီ၊ ဖွဲ့ စည်းပုံ ကိစ္စတွေမှာလည်း ဖက်ဒရယ်စနစ်ကို ဦးတည်တဲ့ ပြုပြင်ပြောင်းမှုတွေလုပ်ဖို့အတွက် ကြိုးပမ်းနေတာတွေ ရှိတယ်။ အိန္ဒိယမှာ လေ့လာခဲ့ကြတာတွေကလည်း Fiscal Federalism၊ ဘဏ္ဍာရေးဆိုင်ရာ ခွဲဝေ ကျင့်သုံးမှုပေါ့။ အမေရိကန်ကလည်း ဒါကို အဆိုပြုလာတယ်။ တရုတ်နိုင်ငံကလည်း တရုတ်နိုင်ငံ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းက NCA (၁၁)နှစ်မြောက် အခမ်းအနား ဗီဒီယိုမိန့် ခွန်းမှာ အဆင့်မြင့်ကိုယ်ပိုင် အုပ်ချုပ်ရေး၊ အဆင့်မြင့်ပေါ့၊ ဒါတိုက်တွန်းလာတာ တွေ့တယ်။ ချုံ့ပြောရရင် အားလုံးက ဗဟိုချုပ်ကိုင်မှု လျှော့ချပြီးတော့ တိုင်းရင်း သားဒေသတွေရဲ့ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်တွေကို တိုးမြှင့်ဖို့ တိုက်တွန်းလာကြတာတွေ့တယ်။ ဒါကတော့ ဖွံ့စည်းပုံပြင်ဆင်ရေးနဲ့လည်း ဆက်စပ်နေတာ ဖြစ်တဲ့အတွက်ကြောင့် တစ်ဆင့် ချင်း တစ်ဆင့်ချင်း ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာအောင် ဆောင်ရွက်ရပါမယ်။ အမျိုးသား အကျိုးစီး ပွားဆိုတာကတော့ အမေရိကန်ကလည်း သူ့အကျိုးစီးပွားကို ဦးတည်ပြီးတော့ ချဉ်းကပ်တာပဲ၊ ဒါကတော့ ဘာမှ ငြင်းပယ်လို့မရဘူး။ အဲဒီလို ချဉ်း ကပ်တဲ့နေရာမှာ အွန်လိုင်းလိမ်လည်မှုတွေကြောင့် အမေရိကန် နိုင်ငံသားတွေ နစ်နာထိခိုက်နေတယ်။ မူးယစ်ဆေးဝါးပြဿနာ အမေရိကန်နိုင်ငံသားတွေ ထိခိုက်နေ တယ်ဆိုရင် အဲဒါကို ဖြေရှင်းဖို့အတွက်က ပဋိပက္ခဒေသတွေ၊ တရားဥပဒေစိုးမိုးမှု ကင်းမဲ့တဲ့ နေရာတွေမှာ ငြိမ်းချမ်းရေးရဖို့အတွက် အမေရိကန်က တကယ်လက်တွေ့ကျတဲ့ ကူညီမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွား အတွက်လည်း အကျိုးရှိပါမယ်လို့ မြင်တယ်။

TREND ။     ။ အမေရိကန်ရဲ့ ဒီမဟာဗျူဟာဟာ မြန်မာနိုင်ငံအပေါ် တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကို တစ်စုံတစ်ရာသက်ရောက်မှု ရှိလာနိုင်သလား။
UKKG    ။    ။
မြန်မာနိုင်ငံရဲ့ အခြေအနေက ကျွန်းနိုင်ငံ မဟုတ်ဘူးလေ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ထိစပ် နေတဲ့အခါကျတော့ အိမ်နီးချင်းတွေနဲ့ ဆက်ဆံရေးဟာ မြန်မာနိုင်ငံရဲ့ လက်တွေ့ ပကတိနိုင်ငံရေးပဲ။ ဒါကြောင့်မို့လို့ တရုတ်နိုင်ငံနဲ့ မိတ်ဝတ်မပျက်တဲ့ ဆက်ဆံရေး၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံနဲ့ ဆက်ပြီးတော့ ပူးပေါင်းဆောင်ရွက်မှုတွေက ဆက်ပြီး အရေးပါနေဦးမှာပါ။ ဒါဟာ ပြောရရင်တော့ ကျွန်တော်တို့ မွေးကတည်းက၊ မြန်မာနိုင်ငံ ဖြစ်လာကတည်းက ပေးထားချက်ပဲ။ တစ်ဖက်ကလည်း နိုင်ငံတကာနဲ့ မိတ်ဝတ်မပျက် ချစ်ကြည်တဲ့ ရင်းနှီးမှုဖြစ်ဖို့ ကိစ္စ၊ အမေရိကန်လို နိုင်ငံကြီးတွေနဲ့ ဆက်ဆံရေးဟာ အရေးကြီးတာပဲ။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံ စီးပွားဖွံ့ ဖြိုးတိုးတက်ဖို့ဆိုတာက နိုင်ငံတကာနဲ့ ဆက်ဆံတဲ့အခါမှာ ရင်းနှီးမြှုပ်နှံမှု ကုန်သွယ်မှုဆိုတာတွေဟာ ဒေါ်လာနဲ့ ချိတ်ဆက်နေတာ။ ဒါကြောင့်မို့လို့ အမေရိကန်က အနည်းဆုံး ဒေါ်လာငါးသန်းတန်တဲ့ ရင်းနှီးမြှုပ်နှံမှု သုံးခုလောက်လာမယ်။ ကုန်သွယ်မှုတိုးမြှင့်မှုတွေ လုပ်မယ်ဆိုရင် အမေရိကန်ဘက်ကလည်း ပိတ်ဆို့အရေးယူမှုတွေကို ဖြေလျှော့ဖို့လိုတယ်။ မြန်မာနိုင်ငံဘက်ကလည်း ကုန်သွယ်မှုနဲ့ပတ်သက်တဲ့ ကိစ္စ၊ သွင်းကုန်ပို့ကုန်နဲ့ ပတ်သက်တဲ့ကိစ္စတွေကို လုပ်သာကိုင်သာရှိအောင် ပြုပြင်ဖို့လိုတယ်။ အဲဒီလိုလုပ် တဲ့အခါမှာ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှုဟာ တရုတ်နိုင်ငံနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်မယ်ဆိုတာကို ကျွန်တော်တို့က တရုတ်မိတ်ဆွေတွေကိုလည်း ရှင်းပြဖို့လိုပါတယ်။ နောက်ပြီး ကျွန် တော်တို့ မြန်မာနိုင်ငံရဲ့တရားဝင် ၂၀၀၈ အခြေခံဥပဒေရဲ့ တရားဝင်နိုင်ငံခြားရေးမူကိုက လွတ်လပ်၍ တက်ကြွသော ဘက်မလိုက်နိုင်ငံခြားရေးမူဝါဒ ဖြစ်တယ်။ ဒါဟာလည်း အစဉ်တစိုက် ကျင့်သုံးခဲ့တဲ့မူဖြစ်တယ်။ အဲဒီလို ကျင့်သုံးခြင်းဟာလည်း အိမ်နီးချင်းနိုင်ငံတွေ၊ မိတ်ဆွေနိုင်ငံတွေအတွက် ဘာမှ စိုးရိမ်စရာမလိုဘူး၊ စိုးရိမ်စရာ မရှိဘူးဆိုတာကို နားလည်ယုံကြည်လာအောင် ကျွန်တော်တို့ ဆောင်ရွက် ရမှာပါ။ သံခင်းတမန်ခင်းဆိုတာက နိုင်ငံတကာရဲ့ ရှေ့တန်းမျက်နှာစာ ဖြစ်တယ်။ အခု  လက်နက်ကိုင် ပဋိပက္ခ ဖြစ်နေတယ် ဆိုတာတောင်မှ တချို့ဟာတွေက သံခင်းတမန်ခင်းကို ကောင်းကောင်းမွန်မွန် ကိုင်တွယ်ဖြေရှင်းနိုင်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို လျှော့ချလာနိုင်မယ်။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံရဲ့ ငြိမ်းချမ်းရေးကိစ္စဟာ စစ်ရေး၊ နိုင်ငံရေး၊ သံတမန်အရေး၊ စီးပွားရေး မျက်နှာစာပေါင်းစုံကနေကနေ ချဉ်းကပ်တဲ့အခါမှာ အင်အားကြီး နိုင်ငံတွေရဲ့ ကြားထဲမှာ ညပ်မသွားအောင် သံခင်းတမန်ခင်း ကျွမ်းကျင်မှုနဲ့ ပတ်သက်တယ်လို့ မြင်ပါတယ်။

TREND ။     ။ လက်ရှိမြန်မာ့နိုင်ငံရေးနဲ့ စစ်ရေး အခြေအနေတွေအရ ၂၀၃၀ မတိုင်မီ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တစ်စုံတစ်ရာ သဘောတူညီချက်တွေ၊ အလားအလာကောင်းတွေ ရရှိနိုင်ပါ့မလား။
UKKG    ။    ။
နိုင်ငံကြီးတွေဆိုတာကတော့ သူတို့ရဲ့ သြဇာသက်ရောက်မှုက ကြီးပါတယ်။ ပြောရရင် ၂၀၁၂မှာ NLD က ရွေးကောက်ပွဲ ဝင်လာတဲ့ကိစ္စဟာ ဘာပဲပြောပြော အမေရိကန်ရဲ့ သြဇာလွှမ်းမိုးမှု၊ တိုက်တွန်းမှုတွေ အများကြီးပါတယ်။ အဲဒီလိုပဲ လက်ရှိ ပြဿနာမှာလည်းပဲ တစ်ဖက်စီဖြစ်နေကြတယ်ဆိုပေမယ့် လက်တွေ့ကျတဲ့ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုကို အမေရိကန်လို နိုင်ငံကြီးအနေနဲ့ ပံ့ပိုးကူညီမှုတွေ၊ အားပေးတိုက်တွန်းမှုတွေ လုပ်မယ်ဆိုရင် ပင်မနိုင်ငံရေး လမ်းကြောင်းပေါ်ကို ပြန်ရောက်လာပါမယ်။ ပြီးခဲ့တဲ့ ရှမ်းမြောက် ပြဿနာဆိုရင်လည်း မိတ်ဆွေနိုင်ငံတွေအနေနဲ့ တရုတ်နိုင်ငံရဲ့ ကြားဝင် ဆောင်ရွက် မှုနဲ့ တချို့ပြဿနာတွေကို ကျွန်တော်တို့ ဖြေရှင်းနိုင်ခဲ့တယ်။ အလားတူပဲ အိန္ဒိယ နိုင်ငံ၊ ထိုင်းနိုင်ငံ အစရှိသဖြင့် ဘင်္ဂလားဒေရှ့်ဆိုရင်လည်း ရခိုင်ပြဿနာနဲ့ပတ်သက်လို့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ ကျွန်တော်တို့ နိုင်ငံရဲ့ပြဿနာတွေကို ပြေလျော့သွားစေနိုင်တယ်။ အဓိကကတော့ သူတို့ရဲ့ ရိုးဖြောင့်တဲ့ချဉ်းကပ်မှု၊ နှစ်ဖက်အကျိုးရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်လာမယ်ဆိုရင် ဒါတွေက တဖြည်းဖြည်း အောင်မြင်လာလိမ့်မယ်လို့ မြင်တယ်။

TREND ။    ။ အမေရိကန်ရဲ့ မဟာဗျူဟာဟာ NUG / PDF နဲ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေအတွက် အင်အားစုများအပေါ် သက်ရောက်မှုဘယ် လိုဖြစ်လာနိုင်သလဲ၊ အဲဒီအင်အားစုတွေအတွက် အခွင့်အလမ်းလား၊ စိန်ခေါ်မှုလား။
UKKG    ။    ။
တစ်ခုကတော့ တချို့ဟာတွေက မူအားဖြင့်ကတော့ ပြောလို့ရတယ်။ ဗူူ-ှုညခူကျငလန အား လုံးပါဝင်ရေးဆိုတဲ့ ဟာမျိုးပေါ့။ ဟုတ်တယ်။ ဖြစ်လည်း ဖြစ်သင့်တယ်။ ဘာကြောင့်လဲဆိုတော့ ပဋိပက္ခဖြေရှင်း တယ်ဆိုတာက တစ်စုတစ်ဖွဲ့ ကျန်နေရင်တောင်မှ ရာနှုန်းပြည့်ပြေလည်တယ်လို့ ပြောလို့ မရဘူး။ အားလုံးပါဝင်အောင် ဆွေးနွေးတဲ့အခါမှာ တစ်ထိုင်တည်းမှာ လူတွေအကုန်လုံးကို အခန်းတစ်ခန်းတည်း ထည့်ပြီး ဆွေးနွေးတယ်ဆိုတာမျိုးက လက်တွေ့မဖြစ်နိုင်ဘူး။ အဲဒီအခါကျ တော့ ပြောရရင် ဆွေးနွေးလို့ ဖြစ်နိုင်တဲ့ အဖွဲ့တွေနဲ့ All-Inclusive ဆိုတဲ့ဟာကို ဆွေးနွေးတိုင်းမှာ More and More Inclusive ၊ ပို၍ ပို၍ ကျယ်ပြန့်သော၊ ခြုံငုံမိသော ဆွေးနွေးပွဲများကို ဆက်သွားမယ်။ တစ်ချိန်မှာတော့ အားလုံးပါဝင်တဲ့ All-Inclusive  ဆိုတာကို ရည်မှန်းချက် တော့ထားမယ်။ လက်တွေ့သဘောအားဖြင့်ကတော့ ဒီလိုပဲ တစ်ဆင့်ချင်း တစ်ဆင့်ချင်း သွားရမယ်လို့ မြင်တယ်။ အမေရိကန်အနေနဲ့လည်း အိမ်နီးချင်းတရုတ် နိုင်ငံနဲ့သူနဲ့ဆက်စပ်နေတဲ့ အဖွဲ့အစည်းတွေကို ကြားဝင် ဆောင် ရွက်ပေးသလိုမျိုး သက်ဆိုင်ရာနိုင်ငံတွေက ကိုယ်နဲ့ ထိစပ်တဲ့အဖွဲ့အစည်းတွေကို သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု ကြားဝင်ဆောင်ရွက်မှုတွေ လုပ်မယ်ဆိုရင်တော့ တဖြည်းဖြည်း နီးစပ်လာမယ်လို့ မြင်ပါတယ်။ 

TREND ။   ။ အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့  မြေရှားသတ္တုလုပ်မယ်ဆိုတဲ့ကိစ္စတွေဟာ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ဘယ်လိုသက်ရောက်နိုင်လဲ။
UKKG    ။    ။
ပြောရရင် လက်နက်ကိုင်ပဋိပက္ခ ကို ပြောတဲ့အခါမှာ နိုင်ငံရေး ယုံကြည်ချက်ကြောင့် ဖြစ်တာပါသလို ကိုယ်ကျိုးစီးပွားကိစ္စတွေလည်း ပါတယ်။ ဒါက ဘယ်မှာဖြစ်ဖြစ် ဖြစ်ရိုးဖြစ်စဉ်ပဲ။ တရားဥပဒေစိုးမိုးမှုကင်းမဲ့နေချိန်မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေက သူတို့ရဲ့ ဆုံးဖြတ်ချက်နဲ့ပဲလုပ်တယ်။ လုပ်တဲ့အခါကျတော့ သဘာဝပတ်ဝန်းကျင် ထိခိုက်တာတွေ၊ နိုင်ငံသားတွေရဲ့ ကျန်းမာရေး ထိခိုက်တာတွေ ဒါတွေလည်း တောက်လျှောက်ဖြစ်နေတယ်။ အဲဒီလိုဖြစ်နေပြီးတော့ ဒီသယံဇာတတွေကနေပြီးတော့ပဲ လက်နက်ကိုင်ပဋိပက္ခကို တာရှည်ဖို့အတွက် လောင်စာတွေ ထပ်ထပ်ပြီးရနေတာ။ အဲဒါတွေ ချုပ်ငြိမ်းဖို့အတွက်ကတော့ အမေရိကန်အနေနဲ့လည်း မြေရှားလုပ်မယ်ဆိုရင် တရားဝင်၊ အမေရိကန်လိုမျိုး ဒီမိုကရေစီ လူ့အခွင့်အရေး တရားဥပဒေကို အင်မတန်ရှေ့တန်းထားတဲ့ နိုင်ငံအနေနဲ့က တရားဝင် လုပ်မှပဲရမယ်။ တရားဝင်လုပ်ချင်ရင် အဲဒီဒေသမှာ ငြိမ်းချမ်းရေး ဖြစ်ထွန်းပြီးတော့မှ တရားဝင်တူး ဖော်တာ၊ ထုတ်လုပ်တာ၊ ကုန်သွယ်တာ လုပ်လို့ရမယ်။ ဆိုတော့ ပြောရရင် လက်ရှိ တရားမဝင် တူးဖော် နေတာနဲ့ပတ်သက်ပြီးတော့လည်း ဆက်စပ်နေတဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံတွေအနေ နဲ့ကလည်း ဒီကိစ္စကို တရားဝင်ဖြစ်လာဖို့ လိုတယ်။ အဲဒီလိုဖြစ်လာအောင် လုပ်တဲ့နေရာမှာလည်း အခု သူတို့ တိုက်တွန်းနေတာမှာ Fiscal Federalism ဆိုတာ ဒါက ငြိမ်းချမ်းရေးနဲ့ ပတ်သက်လာရင် ထည့်ကိုစဉ်းစားရတော့မယ်။ ဒါကြောင့် ဖက်ဒရယ်ကို ပြောတဲ့အခါမှာ အာဏာခွဲဝေတာ၊ သယံဇာတခွဲဝေတာ ဒီကိစ္စတွေဟာ ဖက်ဒရယ်ဖြစ်ပေါ် တိုးတက်မှုထဲမှာ မဖြစ်မနေ ထည့်သွင်းစဉ်းစားရမယ့်၊ ဆွေးနွေးရမယ့်ကိစ္စတွေပါ။ ဒါကြောင့် အမေရိကန်အနေနဲ့ မြေရှားသယံဇာတကိစ္စနဲ့ပတ်သက်လို့ ပြောမယ်ဆိုရင် တရားဝင်တူးဖော်မှု၊ ထုတ်လုပ်မှု၊ ကုန်သွယ်မှုဖြစ်အောင် အဲဒီဒေသတွေမှာ ငြိမ်းချမ်းရေးပေါ် ပေါက်လာအောင် ဆောင်ရွက် ပေးမှပဲ လက်တွေ့ကျမယ်။ 

TREND ။      ။ တရုတ်၊ အာဆီယံ၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတို့ရဲ့ ပါဝင်မှုမရှိဘဲ အမေရိကန်တစ်နိုင်ငံတည်းရဲ့ ကြိုးပမ်းမှုနဲ့ မြန်မာ့ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ပါသလား။
UKKG    ။    ။
NCA ဖြစ်စဉ်ကို ပြန်ကြည့်လို့ရှိရင် ကုလသမဂ္ဂ အပါအဝင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် နိုင်ငံစုံ အသိသက်သေတွေ၊ ပူးပေါင်းပါဝင်မှုတွေ တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဟာ တစ်နိုင်ငံတည်းကနေ တစ်စုတစ်ဖွဲ့နဲ့ ဝင်လုပ်လို့မရဘူး။ ပြောရရင် ငြိမ်းချမ်းရေးပံ့ပိုးကူညီတဲ့အခါမှာ ဒါကြောင့်လည်း JPF ဆိုပြီးတော့ အရင်တုန်းက Joint Peace Fund ဆိုပြီးတော့ ဘဏ္ဍာရေးရော၊ နည်းပညာရော ပံ့ပိုးကူညီတာတွေကအစ နိုင်ငံစုံဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တကယ်ဆောင်ရွက် မယ်ဆိုရင် NCA ပလက်ဖောင်းမှာရှိခဲ့တဲ့ ကုလသမဂ္ဂ အပါအဝင်၊ အာဆီယံအပါအဝင် နိုင်ငံစုံပူးပေါင်းဆောင် ရွက်မှုမျိုးဖြစ်ဖို့ လိုပါတယ်။

TREND ။        ။ ဒီမဟာဗျူဟာကနေ မြန်မာနိုင်ငံအတွက်၊ မြန်မာပြည်သူတွေအတွက် အမှန်တကယ်မျှော်လင့်နိုင်တဲ့ အကျိုးရလဒ်က ဘာဖြစ်မလဲ။ 
UKKG    ။    ။
ဒီကြေညာချက်ထွက်လာရုံနဲ့ ဒီတစ်ခုတည်းကို တည်ပြီး စဉ်းစားလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ အမေရိကန်နိုင်ငံရေးကိုက အပြောင်းအလဲတွေရှိတယ်။ ဒီကာလမှာပဲ ကြားဖြတ်ရွေးကောက်ပွဲမှာ လွှတ်တော်နှစ်ရပ်လုံး ဒီမိုကရက်တွေက အသာစီးရလာတာတွေရှိတယ်။ နောက်နှစ်နှစ် သမ္မတရွေး ကောက်ပွဲကျရင်လည်း သမ္မတအသစ် ဘယ်သူဖြစ်လာ  မလဲဆိုတာ ကျွန်တော်တို့ မသိဘူး။ အဲဒီအပေါ်မှာ အမေရိကန်ရဲ့ နိုင်ငံရေးအပြောင်းအလဲကိုပါ ချိန်ဆပြီးတော့ ကျွန်တော်တို့ဘက်က ဘယ်လိုတုံ့ပြန်မလဲဆိုတဲ့ ပြင်ဆင်မှုလိုပါတယ်။ သေချာတာကတော့ Hardcore Policy (တင်းကျပ်၊ ပြတ်သားသော မူဝါဒ) ကတော့ မပြောင်းလဲဘူး။ အခုလည်း အမေရိကားမှာ အီရန်စစ်ပွဲ ကုန်ဈေးနှုန်းတက်တာ၊ ရေနံဈေးနှုန်းတက်တာ စသည်ဖြင့် သူ့ရဲ့ ပြည်တွင်းရေး ပြဿနာတွေကလည်းရှိတယ်။ နိုင်ငံတိုင်းမှာ သူ့သက်ဆိုင်ရာ ပြည်တွင်းရေး ပြဿနာတွေရှိတော့ ကျွန်တော်တို့က မြန်မာ့အရေးကို စဉ်းစားတဲ့အခါမှာ ဒီစာရွက်တစ် ရွက်ထွက်လာရုံနဲ့ ဒါကို တစ်ခုတည်းကတည်ပြီး စဉ်းစားလို့ မရဘူး။ ဖြစ်လာနိုင်ခြေတွေကိုပါ ကြိုတင် တွက်ဆပြီးတော့ ပြင်ဆင်ရမှာဖြစ်တယ်။ အဓိကကတော့ နိုင်ငံတွင်း စည်းလုံးညီညွတ်မှုမရှိဘဲ နိုင်ငံ တကာနဲ့ ဆက်ဆံတဲ့အခါမှာ တစုတစည်းသော နိုင်ငံခြားရေး ပေါ်လစီမျိုးမဖြစ်ဘဲနဲ့ ပဋိပက္ခထဲမှာပါတဲ့ တစ်စုချင်း တစ်စုချင်းက တစ်နိုင်ငံချင်းစီနဲ့ လျှောက်ပြီး ဆက်ဆံနေရင် မြန်မာနိုင်ငံက အားကောင်းတဲ့ နိုင်ငံခြားရေး ဆက်ဆံမှုမျိုး မဖြစ်နိုင်ဘူး။ အဓိကကတော့ စကားလုံးတွေ ပြောနေတာ လက်တွေ့ပေါ်လာ ဖို့လိုတယ်၊ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်ပဲ။ ပြည်သူတွေကလည်းပဲ လက်နက်ကိုင်နည်းသည် ရလဒ်ကောင်း မထွက်နိုင်ဘူး။ ဒါကြောင့် နိုင်ငံရေးနည်းအား ကောင်းလာအောင် ပူးပေါင်းဆောင်ရွက်ကြဖို့ လိုတယ်ဆိုတဲ့ ပြည်သူ့ရဲ့ ပူးပေါင်းပါဝင်မှုက အင်မ တန် အရေးကြီးတယ်။ ဒါကြောင့်မို့လို နိုင်ငံတကာနဲ့ ဆက်ဆံတဲ့အခါမှာလည်း ပြည်တွင်းအားကောင်းနေရင်၊ စုစည်းနေရင် နိုင်ငံတကာ ဆက်ဆံ ရေးလည်း အားကောင်းမယ်။ အခုကတော့ သေချာတာက အရင်ကထက်စာလို့ရှိရင် ရွေးကောက်ပွဲပြီးတဲ့အချိန်မှာ နိုင်ငံတကာရဲ့ ဆက်ဆံရေးက တိုးတက်လာတာတော့ အမှန်ပဲ။ နိုင်ငံတော်သမ္မတကြီးရဲ့ နိုင်ငံတကာခရီးစဉ်တွေ ကြည့်လိုက်ရင် တရုတ်၊ အိန္ဒိယ၊ ထိုင်းကနေ စပြီးတော့ အာဆီယံနိုင်ငံတွေရော ရုရှား၊ ဘယ်လာရုစ် အစရှိတဲ့ နိုင်ငံတကာ ဆက်ဆံရေးတွေ ကျယ်ပြန့်လာတာနဲ့အတူ အမေရိကန်ရဲ့ Policy Data လည်းထွက်လာတယ်။ အခြားလည်းပဲ အင်္ဂလန်နဲ့ ဆက်ဆံရေးဆိုရင်လည်းပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ ဖြေလျှော့မှုလုပ်တာတွေကနေ စပြီးတော့ ဖြစ်ပေါ်တိုးတက်မှုတွေ တောက်လျှောက်ဖြစ် နေတယ်။ အဲဒီအချိန်မှာ ပြည်သူတွေဘက်ကလည်း နိုင်ငံရေးအရဖြေရှင်းတဲ့နည်းလမ်း၊ နိုင်ငံရေးနည်းလမ်းကို အင်တိုက်အားတိုက် ပါဝင်ပူးပေါင်းကြဖို့လိုတယ်။ ကိုယ်နဲ့မဆိုင်သလို နေရင်တော့ နိုင်ငံရေးရဲ့ ရိုက်ခတ်မှုဟာ ကုန်ဈေးနှုန်းကအစ ဒါနိုင်ငံရေးပဲ။ ဒါကြောင့်မို့လို့ ပြည်သူတွေဘက်က နိုင်ငံရေးစိတ်ဝင်စားဖို့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မြင့်တက်လာဖို့လို ပါတယ်။ မြန်မာပြည်သူတွေ အမှန်တကယ် မျှော်လင့်နိုင်တဲ့ အကျိုးရလဒ်နဲ့ပတ်သက်လို့ ပြောရရင် အဓိကကတော့ ငြိမ်းချမ်းရေးပေါ့။ ငြိမ်းချမ်းရေးမရှိဘဲနဲ့ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ဖို့ဆိုတာလည်း မလွယ်ဘူး။ နောက်တစ်ခုကတော့ နှိုင်းယှဉ်မှုအားဖြင့် လက်နက်ကိုင်ပဋိပက္ခမရှိတဲ့ နည်းတဲ့နေရာတွေမှာ စီးပွားရေး ပြန်အားကောင်းလာအောင်လည်း နိုင်ငံတကာ ဆက်ဆံရေးတွေနဲ့ မြှင့်တင်ဖို့ လိုတယ်။ အခုရှိပြီးသား ကျွန်တော်တို့နဲ့ မိတ်ဆွေနိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ သမ္မတကြီးလည်းပဲ ရုရှား၊ ဘယ်လာရုစ်ကစပြီးတော့ တရုတ်နိုင်ငံ အပါအဝင် အဓိက ရင်းနှီးမြှုပ်နှံမှု တွေလာဖို့အတွက် ဖိတ်ခေါ်နေတယ်။ တစ်ချိန်တည်းမှာ အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုတွေ ပြန်ပွင့်လာမယ်ဆိုလို့ရှိရင် သေချာတာကတော့ နိုင်ငံရဲ့ အနိမ့်ဆုံးအဆင့် စီးပွားရေးအခြေအနေတွေကို 'မ'တင်နိုင်လိမ့်မယ်၊ ဆယ်တင်နိုင်မယ်လို့ မြင်တယ်။ နိုင်ငံရေးရဲ့ အခြေခံက စီးပွားရေးပဲ၊ အခုဖြစ်နေတဲ့ ကုန်ဈေးနှုန်းတွေ၊ လောင်စာဆီပြဿနာနဲ့ ဆက်စပ်ပြီးတော့ဖြစ်နေတာတွေကလည်း နိုင်ငံတကာရင်းနှီး မြှုပ်နှံမှုတွေ၊ ကုန်သွယ်မှုတွေ ဒီ့ထက်အားကောင်းလာဖို့လိုပါတယ်။ နောက်တစ်ခုက ငြိမ်းချမ်းရေးနဲ့ ဆက်စပ်နေတာက ကျွန်တော်တို့ရဲ့ ထွက်ကုန်တွေ၊ ကုန်သွယ်မှုလမ်း ကြောင်းတွေ ပြန်ပြီးတော့ လုံခြုံ ငြိမ်းချမ်းဖို့၊ ပြန်ပြီးပွင့်လာဖို့လိုတယ်။ အဲဒါမှ လယ်ယာထွက်ကုန်တွေ၊ ပြည်တွင်းလိုအပ်ချက်တွေ ပြန်ပြီးအားကောင်းလာမယ်။ ဒါကြောင့် အမေရိကန်ရဲ့ ပေါ်လစီအပေါ် အကြောင်းပြုပြီးတော့ ကျွန်တော်တို့ နိုင်ငံရဲ့ ကုန်သွယ်မှုတွေ၊ ဖွံ့ဖြိုးမှုတွေ ပြန်ပြီးတော့ အားကောင်းလာဖို့ ဆောင်ရွက်ကြဖို့လိုပါတယ်။ အဓိကကတော့ ကျွန်တော်တို့က နိုင်ငံတကာနဲ့ ချစ်ကြည်တဲ့ ဆက်ဆံရေးကို တိုးမြှင့်ဖို့ ဒါအရေးကြီးတယ်။ အခုကတော့ အမေရိကန်နဲ့ ဆက်ဆံရေး ပြန်ပွင့်လာပြီဆိုရင် မြန်မာနိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရေးကြီးတာကတော့ ပိတ်ဆို့ထားတာတွေ၊ အရေးယူထားတဲ့ ကိစ္စတွေ ဖြေလျှော့ဖို့ အမေရိကန် ကိုလည်း သံတမန်ရေးအရ တိုက်တွန်းရမှာ ဖြစ်ပါတယ်။ အဲဒီအတွက်လည်း မြန်မာနိုင်ငံအတွက်ကလည်း လိုအပ်တဲ့ ဖြေလျှော့မှုတွေကို တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်သွားဖို့ လိုပါတယ်။ အဲဒါမှ ပြည်သူတွေအတွက် လက်ရှိဖြစ်နေတဲ့ ဒီအကျပ်အတည်းကနေ လွန်မြောက်နိုင်လိမ့်မယ်လို့ မြင်ပါတယ်။   

လင်းလင်းအောင်

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၄၃ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 9

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

68235

© 2022 - 2026 News. All Rights Reserved.